Wednesday, January 2, 2013

နိုင်ငံတကာနှင့် မိုဘိုင်းဖုန်းများ အပြန်အလှန် သယ်ဆောင်အသုံးပြုခွင့် (Roaming) စနစ်အတွက် ဖိတ်ခေါ်ချက်အား အာရှနိုင်ငံများအပြင် ဥရောပမှလည်း လာရောက်ကမ်းလှမ်း


နိုင်ငံတကာနှင့် မိုဘိုင်းဖုန်းများ အပြန်အလှန် သယ်ဆောင်အသုံးပြုနိုင်မည့် (Roaming) စနစ် ဆောင်ရွက်ရန်အတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် နိုင်ငံတကာမှ ချိတ်ဆက်ဆောင်ရွက်လိုသည့် ပြည်ပဂျီအက်စ်အမ်မိုဘိုင်း အော်ပရေတာများအား ဖိတ်ခေါ်ခဲ့ရာ အာရှနိုင်ငံများ အပါအ၀င် ဥရောပနိုင်ငံ အချို့မှလည်း လာရောက်ကမ်းလှမ်းခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ Roaming စနစ် ချိတ်ဆက်ဆောင်ရွက်ရန်အတွက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ၂၀၁၂ ဒီဇင်ဘာလအတွင်း နိုင်ငံပိုင် သတင်းစာများမှတဆင့် နိုင်ငံတကာမှ Roaming စနစ်အတွက် ပူးပေါင်းဆောင်ရွက်လိုသည့် ဂျီအက်စ်အမ်မိုဘိုင်း အော်ပရေတာများအား ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“Roaming အတွက် နိုင်ငံတကာက ဂျီအက်စ်အမ်မိုဘိုင်း အော်ပရေတာတွေကို ဖိတ်ခေါ်တဲ့အခါမှာ ဥရောပက နှစ်နိုင်ငံမှာ အီတလီနိုင်ငံပါတယ်။ နောက်ပြီး ထိုင်းနိုင်ငံက AIS၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ဟောင်ကောင်နဲ့ သြစတြေးလျနိုင်ငံကလည်း လာကြတယ်။ သူတို့က အီးမေးလ်နဲ့ပို့ပြီး ကမ်းလှမ်းထားတယ်။ အခုလောလောဆယ်တော့ သူတို့က ရှေ့လထဲမှာလာပြီး Cost တွေကို ဆွေးနွေးမယ်ဆိုပြီး အင်ဖော်မေးရှင်းတွေ ပို့ထားပါတယ်” ဟု မိုဘိုင်းဆက်သွယ်ရေးဌာနမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားသည်။
လက်ရှိကာလတွင် ပြည်တွင်းရှိ Postpaid ဂျီအက်စ်အမ်မိုဘိုင်း ဖုန်းများအား ပြည်ပသို့ သယ်ဆောင် အသုံးပြုခွင့် (Outbound) စနစ်အား အာဆီယံနိုင်ငံများနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများသို့ ရရှိနေသော်လည်း နည်းပညာပိုင်းဆိုင်ရာတွင် အခက်အခဲ အနည်းငယ် ကျန်ရှိနေသေးသည့်အတွက် အများပြည်သူသို့ အသုံးပြုခွင့် မပေးသေးခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမီပြည်ပနိုင်ငံပေါင်း ၁၅၀ ကျော်နှင့် Roaming စနစ် ရရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း မိုဘိုင်းအင်ဂျင်နီယာချုပ်ကပင် ပြောကြားသည်။

Source : http://www.news-eleven.com/index.php?option=com_content&view=article&id=17127:----roaming-----&catid=42:2009-11-10-07-36-59&Itemid=112

No comments:

Post a Comment